ပြည်တွင်း၌ အင်တာနက်လိုင်း ၀ယ်ယူတပ်ဆင်သုံးစွဲရမှု အနေအထားများမှာ ရင်းနှီးထားရသော ငွေကြေးနှင့် ပြန်လည်ရရှိသော ခံစားခွင့်တို့ နှိုင်းယှဉ်ပါက ကိုက်ညီမှု မရှိသေးပဲ ကွာဟချက်များ ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာကျပ်ငွေ အနည်းဆုံး သိန်းနှစ်ဆယ်ဝန်းကျင်ခန့် ပေးသွင်းပြီးမှ ရရှိသော ပြည်တွင်းအင်တာနက်လိုင်း သုံးစွဲရမှု အနေအထားမှာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါကလည်း ငွေကုန်ကြေးကျ များပြားနေသည့်အပြင် ထိုကဲ့သို့ ပေးသွင်းရပြီး ရရှိခဲ့သော အင်တာနက်ဆက်သွယ်မှုမြန်နှုန်း (Connection) မှာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါကလည်း လျော့ကျမှုရှိနေကြောင်း ထုတ်ပြန်ထားသော စစ်တမ်းများအရ သိရှိရပါသည်။
''ဟိုတစ်ချိန်တုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတဲ့အခါ နေကောင်းလား မေးကြတယ်။ အခုချိန်မှာတော့ အင်တာနက်လိုင်းကောင်းလား အရင်မေးရတဲ့ အခြေအနေဖြစ်သွားပြီ။ ပြည်တွင်းမှာ အင်တာနက်လိုင်းမကောင်းတာ ပြောစမှတ်လို ဖြစ်နေခဲ့ပါပြီ။ ဒီလိုဖြစ်ရတာကို အပြစ် မပြောချင်ပါဘူး။ ခက်တာက ပြည်တွင်းမှာ အင်တာနက်သုံးနိုင်ဖို့ ပေးလိုက်ရတဲ့ ငွေကြေးက ဒေသတွင်းနိုင်ငံတွေမှာ ပေးရတာထက် ပိုများနေတယ်။ ပိုပြီးတော့ အလုပ်များတယ်။ ပြန်ရလာတော့ Download အကြာကြီးဆွဲရတဲ့၊ ၀က်ဘ်ဆိုက်တစ်ခုကြည့်ဖို့အချိန်အကြာကြီး ထိုင်စောင့်ရတဲ့ Connection ဖြစ်နေတယ်။ အင်တာနက်ကိုသုံးပြီး အလုပ်လုပ်ဖို့ဆိုတာထက် ဆက်သွယ်ရေး မီဒီယံအဖြစ်ထားပြီး သုံးဖို့မှာတောင် အခက်အခဲတွေ ရှိနေတယ်။ ပေးလိုက်ရတဲ့ပိုက်ဆံနဲ့ မတန်တဲ့အကျိုးရလဒ် ပြန်ရနေသလို ဖြစ်နေတယ်''ဟု လုပ်ငန်းရှင်တစ်ဦးက ပြည်တွင်းအင်တာနက်လိုင်း အနေအထားနှင့်ပတ်သက်၍ ပြောပြခဲ့ပါသည်။
မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုမှုကို ၂၀၀၀ ပြည့်နှစ် အချိန်ကပင် စတင်နိုင်ခဲ့ခြင်းဖြစ်ပြီး Dial-up, ADSL, Broadband, Wi-Fi နှင့် WiMax အစရှိသော အင်တာနက်သုံးစွဲမှု ပုံစံမျိုးစုံ ရှိလာခဲ့သည့်အပြင် လက်ရှိအချိန်တွင် ဖိုက်ဘာဆက်သွယ် ရေးစနစ်ကို အသုံးပြုသော Fiber To The Home စနစ်ကိုလည်း စတင်အသုံးပြုနေပြီ ဖြစ်ပါသည်။ ထိုကဲ့သို့ အင်တာနက်လိုင်းများကို ပုံစံမျိုးစုံဖြင့် အသုံးပြုမှုများ ရှိလာသော်လည်း အင်တာနက် အသုံးပြုမှုနှင့်ပတ်သက်သော ကုန်ကျငွေများ၊ အင်တာနက်မြန်နှုန်းများမှာ ထူးခြားမှုမရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌ အင်တာနက် တပ်ဆင်အသုံးပြုနေသူများအနက် မြန်မာ့ဆက်သွယ်ရေးမှ ADSL လိုင်းအသုံးပြုနေသူများမှာ ကနဦးတပ်ဆင်ခ (Setup Fee) ကို အနည်းဆုံးငွေ ကျပ်သိန်း ၂၀ မှ ၂၃ သိန်း ၀န်းကျင် အထိပေးသွင်းထားရပြီး လစဉ်ကြေးအနေဖြင့် 256kb လိုင်း အသုံးပြုနေသူများမှာ တစ်လလျှင် ငွေကျပ် ၃၀၀၀၀၊ 512kb လိုင်း အသုံးပြုနေကြသူများမှာ လစဉ်ကြေးအနေဖြင့် တစ်လလျှင် ငွေကျပ် ၅၀၀၀၀၊ နှစ်စဉ်ကြေးအနေဖြင့် ငွေကျပ် ၆၀၀၀၀ ကို ပုံမှန်ပေးသွင်းနေရကြောင်း သိရပါသည်။ Broadband အင်တာနက်လိုင်းကို တပ်ဆင်အသုံးပြုနေကြသူများမှာ ကနဦးတပ်ဆင်ခ အနေဖြင့် FEC ၉၂၀ ပေးသွင်းထားရပြီး လစဉ်ကြေးအနေဖြင့် 256kb လိုင်းမှ 512kb လိုင်းအထိ တစ်လိုင်းချင်းစီအတွက် တစ်လလျှင် FEC 30 မှ FEC 130 အထိ ပေးသွင်းနေရပြီး နှစ်စဉ်ကြေးအနေဖြင့် တစ်နှစ်လျှင် FEC ၆၀ ပေးသွင်းပြီး အသုံးပြုနေကြရသူများ ဖြစ်ပါသည်။WiMax အသုံးပြုနေကြသူများမှာ ကနဦး တပ်ဆင်ခအတွက် FEC ၁၅၀၀ ပေးသွင်း ရပြီး လစဉ်ကြေးများကို ၄၅ FEC မှ ၁၃၀ FEC အထိ ပေးသွင်းပြီး နှစ်စဉ်ကြေးအနေဖြင့်မူ တစ်နှစ်ကို FEC ၆၀ ပေးသွင်း အသုံးပြုနေရကြောင်း သိရှိရပါသည်။
--------------------------------------------------------------------------------
ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အင်တာနက် တပ်ဆင်နှုန်းထားကြီးမြင့်နေမှုကို မည်သို့မျှ ပြောဆိုလိုခြင်းမရှိသော်လည်း ငွေကျေးပေးချေလိုက်မှုအရ သတ်မှတ်ထားသည့် Internet Connection Speed အပြည့်မရရှိမှုအပေါ်တွင်သာ မေးခွန်းထုတ်မှုများရှိနေ...
--------------------------------------------------------------------------------
ထိုကဲ့သို့ ပေးသွင်းရမှုများအနက် လစဉ်ကြေးပေးသွင်းရမှုထက် ကနဦး တပ်ဆင်ခ (Setup Fee) ပေးသွင်းရမှုမှာ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ၌ ပေးသွင်းရသော (Setup Fee) နှုန်းထားများထက် သိသာစွာများပြားနေကြောင်း ပြည်တွင်း၊ ပြည်ပမှ အင်တာနက်သုံးစွဲသူများက ပြောကြပါသည်။
''ပြည်တွင်းမှာ အင်တာနက်ချိတ်ရင် ပေးရတဲ့ တပ်ဆင်ခ(Setup Fee)က ကျန်တဲ့နိုင်ငံတွေနဲ့ယှဉ်ရင် ပိုများနေတာတော့ အမှန်ပဲ။ MPT က ADSL တပ်မယ်ဆို အရင်ဆုံးတပ်ဆင်ခက အနည်းဆုံးကျပ်သိန်း ၂၀ ကျော်ကုန်မယ်။ မြန်မာတယ်လီပို့က ADSL တပ်မယ်ဆိုရင် တပ်ဆင်ခက FEC ၉၂၀ ပေးရမယ်။ Modem ပါမယ်ဆိုရင်တော့ FEC ၁၀၀၀ ပေးရမယ်။ WiMax တပ်မယ်ဆိုရင်တော့ တပ်ဆင်ခ FEC ၁၅၀၀ ပေးရမယ်။Fiber လိုင်းတပ်မယ်ဆိုရင်တော့ တပ်ဆင်ခ ကျပ်ကိုးသိန်း အရင်ပေးရမယ်။ ဆိုတော့ ဒီပမာဏတွေက သိပ်များလွန်းနေတယ်ဗျာ။ လက်ရှိသုံးနေတဲ့ သူတွေက အဲဒီအတိုင်းပဲ ပေးထားရတာ။ ဒေသတွင်း နိုင်ငံတွေထဲက ဘယ်နိုင်ငံပဲ ကြည့်ကြည့် အဲ့ဒီလောက်မပေးရတာ တွေ့ရတယ်။ Modem ဆိုတာလည်း ၀ယ်သုံးရတာ မဟုတ်ပဲ အလကားပေးတာမျိုးတောင် ရှိတယ်။ ထိုင်းမှာဆိုရင် အင်တာနက်တပ်ဆင်ခဆိုတာ မပေးရဘဲ လစဉ်ကြေးပဲ ပေးရတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ လစဉ်ကြေးကလည်း တစ်လကို ဘတ် ၆၅၀ ကနေ ဘတ် ၁၂၀၀ ကျော်၊ မြန်မာငွေနဲ့တွက်ရင် ကျပ်နှစ်သောင်းကနေ လေးသောင်းဝန်းကျင်လောက်ပဲ ပေးရတဲ့ အင်တာနက်လိုင်းတွေ ရှိပါတယ်။ သတ်မှတ်ထားတဲ့ Connection Speed လည်း အပြည့်ရပါတယ်''ဟု ထိုင်းနိုင်ငံတွင် အိုင်တီလုပ်ငန်းဖြင့် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောပြပါသည်။
''စင်ကာပူမှာတော့ အိမ်တိုင်းမှာ အင်တာနက်လိုင်း ပါပြီးသားပဲ။ WiFI အခမဲ့သုံးလို့ရတဲ့ နေရာတွေ အများကြီး ရှိနေသလိုပဲ ကိုယ်ပိုင်တပ်ဆင်သုံးမယ်ဆိုလည်း အရမ်းမများတဲ့ လစဉ်ကြေးလောက်ပဲ ပေးရပါတယ်။ 30Mbps Speed ရှိတဲ့ အင်တာနက်လိုင်းကို တပ်ပြီးသုံးမယ်ဆို မြန်မာငွေငါးသောင်းထက် မပိုနိုင်တဲ့ စင်ကာပူ ဒေါ်လာ ၆၀ လောက်ပဲ ပေးရပါတယ်။ စပြီးသုံးမယ်ဆိုရင်တော့ တပ်ဆင်ခ မပေးရပါဘူး။ လိုအပ်တဲ့ Modem တို့၊Router ဖိုးတို့လောက်ပဲ ပေးရပါတယ်''ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလူငယ်တစ်ဦးက ပြောပြသည်။
ပြည်တွင်းမှ အင်တာနက်သုံးစွဲကြသူများ အနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အင်တာနက် တပ်ဆင်ခနှုန်းထား ကြီးမြင့်နေမှုကို မည်သို့မျှ ပြောဆိုလိုခြင်း မရှိသော်လည်း ငွေကြေးပေးချေလိုက်မှုအရ သတ်မှတ်ထားသည့် Internet Connection Speed အပြည့်မရရှိမှုအပေါ်တွင်သာ မေးခွန်းထုတ်မှုများ ရှိနေခြင်းဖြစ်သည်။
--------------------------------------------------------------------------------
အခု ကျွန်တော်တို့ရုံးမှာက 512Kbps လိုင်းတစ်လိုင်းကို သုံးနေ တယ်။ လစဉ်ကြေးက ငါးသောင်းပေးရတယ်။ ဒေသတွင်း နိုင်ငံတစ်ခုမှာကျတော့ 30 Mbps ကို စင်ကာပူ ၆၉ ဒသမ ၁၂ ဒေါ်လာပဲကျတယ်။ မြန်မာငွေနဲ့ တွက်ကြည့်ရင် ကျပ် ၅၀၀၀၀ လောက်ပဲရှိတယ်။ အမြန်နှုန်းကျတော့ ၅၈ ဆတောင် ကွာပါတယ်။ ဒီလိုသာတွက်ပြီး ပေးမယ်ဆိုရင် ကျွန်တော်တို့သုံးနေတဲ့ 512 Kbps ဆို တစ်လကို ၈၆၂ ကျပ်ပဲ ပေးစရာလိုတော့မယ်။...
--------------------------------------------------------------------------------
ပြည်တွင်း၌ အများဆုံးနှင့် အမြင့်ဆုံးသုံးစွဲနေသည့် Internet Connection Speed မှာ (0.50 Mbps) ဖြစ်နေပြီး အဆိုပါ ပမာဏအပြည့်ကိုပင် သုံးစွဲသူများ မရရှိခြင်းကြောင့် အခက်အခဲကြုံတွေ့ရမှုများ ရှိနေကြောင်း သိရှိရသည်။
''အင်တာနက်ကွန်နက်ရှင်ကို ကျွန်တော်တို့လို စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ကတော့ ကောင်းစေချင်တာပေါ့။ အင်တာနက်ကွန်နက်ရှင်သာ ကောင်းမယ်ဆိုရင် ကျွန်တော့်တို့လုပ်ငန်းတွေ လုပ်ရတာ စိတ်သွားတိုင်း ကိုယ်ပါတာ ပေါ့ဗျာ။ အခု ကျွန်တော်တို့ရုံးမှာက 512Kbps လိုင်းတစ်လိုင်းကို သုံးနေ တယ်။ လစဉ်ကြေးက ငါးသောင်းပေးရတယ်။ ဒေသတွင်း နိုင်ငံတစ်ခုမှာကျတော့ 30 Mbps ကို စင်ကာပူ ၆၉ ဒသမ ၁၂ ဒေါ်လာပဲကျတယ်။ မြန်မာငွေနဲ့ တွက်ကြည့်ရင် ကျပ် ၅၀၀၀၀ လောက်ပဲရှိတယ်။ အမြန်နှုန်းကျတော့ ၅၈ ဆတောင် ကွာပါတယ်။ ဒီလိုသာတွက်ပြီး ပေးမယ်ဆိုရင် ကျွန်တော်တို့သုံးနေတဲ့ 512 Kbps ဆို တစ်လကို ၈၆၂ ကျပ်ပဲ ပေးစရာလိုတော့မယ်။ နောက်ပြီး တခြားနိုင်ငံတွေထက် မလျော့တဲ့ နှုန်းထားနဲ့ ပေးနေရတာဆိုတော ကျွန်တော်ကတော့ဗျာ ၂၄/၇ မပျက်တဲ့ အင်တာနက်ဆက်ကြောင်းရယ်၊ ပေးရတာနဲ့တန်တဲ့ ၀န်ဆောင်မှုနဲ့ အင်တာနက်မြန်နှုန်းကိုတော့ လိုချင်ပါတယ်''ဟု အိုင်တီမန်နေဂျာတစ်ဦးက ပြောပြပါသည်။
''အင်တာနက်ကဖေးဆိုင် ဖွင့်ထားတဲ့အတွက် MPT ကရော၊ တယ်လီပို့ကပါ နှစ်လိုင်းစလုံး ယူထားပါတယ်။ ဒီလိုယူထားတာတောင် အဆင်မပြေပါဘူး။ တယ်လီပို့လိုင်းက အင်တာနက်ကျသွားလိုက်၊ MPT လိုင်း က အင်တာနက်ကျသွားလိုက် မကြာခဏ ဖြစ်နေပါတယ်။ ရတော့လည်း 512Kbps လိုင်းနှစ်လိုင်းစလုံး ယူထားပေမယ့် အပြည့်ရတယ်ဆိုတာ သိပ်မရှိပါဘူး။ မနက်မိုးလင်းစအချိန်တွေ၊ ညသန်းခေါင်ကျော်တဲ့ အချိန်တွေမှာ 400 ကျော် 500 လောက်ရပေမယ့် သာမန်အချိန် တွေမှာတော့ 200 တောင် မကျော်တော့ဘူး။Downloads လုပ်ဖို့တို့၊ Video ဖိုင်ကြည့်ဖို့ ဆိုတာတွေ ဘယ်လိုမှအဆင်မပြေနိုင်တဲ့ Connection မျိုးပါ''ဟု ရန်ကုန်မြို့တွင်း၌ အင်တာနက်ကဖေးဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောပြပါသည်။
ပြည်တွင်း၌ Internet Connection အပြည့်အ၀ မရရှိမှုများအပြင် ရံဖန်ရံခါတွင် ပြတ်တောက်သွားခဲ့ရမှုများကြောင့် အင်တာနက်ဖြင့် လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ ဆုံးရှုံးမှုများ ကြုံတွေ့ရခြင်းတို့ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ ထိုကဲ့သို့ သော လုပ်ငန်းများထဲတွင် လေယာဉ်လက်မှတ် အရောင်းဝန်ဆောင်မှု လုပ်ငန်းများ၊ နိုင်ငံခြားခရီးသွား ကုမ္ပဏီများ၊ နိုင်ငံတကာနှင့်ချိတ်ဆက်လုပ်ကိုင်နေသော လုပ်ငန်းများ အပါအ၀င် ၀န်ဆောင်မှုလုပ်ငန်းများနှင့် ပြည်တွင်း မှလုပ်ငန်းများလည်း ပါဝင်ကြကြောင်း သိရှိရပါသည်။
အထူးသဖြင့် သုံးစွဲသူများအနေဖြင့်မူ ပြည်တွင်းရှိ အင်တာနက်သုံးစွဲမှု စည်းမျဉ်းများအရ သတ်မှတ်ထားသော ဥပဒေနှင့်အညီ မလွတ်ကင်းသော ၀က်ဘ်ဆိုက်များ ပိတ်ထားခြင်းကို လက်ခံထားသော်လည်း ကျန်ရှိသည့် ၀က်ဘ်ဆိုက်စာမျက်နှာနှင့် အင်တာနက်ဆက်သွယ်မှု နှေးကွေးမှုများ ဖြစ်ပေါ်နေခြင်းကိုမူ အဆင်ပြေအောင် လုပ်ဆောင်ပေးစေလိုကြောင်း ဆန္ဒများရှိနေပါသည်။
''နိုင်ငံတိုင်းမှာတော့ သူ့နိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ မလွတ်ကင်းတဲ့ ၀က်ဘ်ဆိုက်တွေကို ပိတ်ထားလေ့ ရှိတာပါပဲ။ တရုတ်နိုင်ငံမှာဆိုလည်း ပိတ်ထားတဲ့ ၀က်ဘ်ဆိုက်တွေ အများကြီး ရှိပါတယ်။ ဒီလိုပိတ်ဖို့လုပ်ကိုင်ရင် အင်တာနက်မြန်နှုန်း နှေးမသွားသလို၊ ပြတ်တောက်သွားတာမျိုးလည်း မရှိပါဘူး။ အနီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတောင် အစိုးရကို ဝေဖန်ပုတ်ခတ်ထားတဲ့ နိုင်ငံရေးဝက်ဘ်ဆိုက်တွေကို လိုက်ပိတ်ထားပါတယ်။ အင်တာနက်မြန်နှုန်း ကျသွားအောင်တော့ မလုပ်ထားပါဘူး။ ဒီမှာလည်း သတ်မှတ်ထားတဲ့ အင်တာနက်မြန်နှုန်းထက် ပိုအောင်မပေးနိုင်ရင်တောင် သတ်မှတ်ပမာဏထက် နည်းနေအောင်လုပ်ထားတာမျိုးတော့ မရှိသင့်ပါဘူး။ တကယ်လို့ စက်ပိုင်းဆိုင် ရာ မနိုင်နင်းမှုရှိတယ်ဆိုရင်လည်း ဖြေရှင်းထားဖို့ လိုအပ်ပါတယ်။ အင်တာနက်ဟာ ဒီနေ့ခေတ်ရဲ့ အသက်သွေးကြောတစ်ခု ဖြစ်နေပါပြီ''ဟု လူငယ်လုပ်ငန်းရှင်တစ်ဦးက ပြောပြပါသည်။
Internet Connection နှေးခြင်းနှင့်ပတ်သက်ပြီး မြန်မာအိုင်တီပရိုဖိုရမ်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ လူတစ်ဦးလျှင် အနည်းဆုံးအားဖြင့် ၂၀၀ Kbps Connection Speed ရရှိသင့်ကြောင်းနှင့် Database Publishing ပြုလုပ်ရာတွင် Port များပိတ်ထားခြင်းနှင့် FTP ပိတ်ထားခြင်းများ မပြုလုပ်သင့်ကြောင်း အစရှိသည်တို့ကို ဆွေးနွေးထားကြသည်။
''FTP ပိတ်ထားတဲ့အတွက် ကျွန်တော်တို့ ကွန်ပျူတာသမားတွေ တော်တော်ဒုက္ခရောက်တယ်။ ဥပမာ-HP Laptop တစ်လုံး Driver မရှိလို့ Download လုပ်မယ်။ သူကပေးထားတော့ FTP ကနေယူရမှာ။ ပိတ်ထားတော့ ကျော်ရတယ်။ ကျော်ရတာ့ မလိုအပ်ပဲ အချိန်တွေကြာတယ်။Driver တစ်ခုကို သုံးလေးရက်လောက်ကြာအောင်Download ဆွဲနေရတော့ မကောင်းတော့ဘူး။ တော်တော် စိတ်ပျက်စရာကောင်းတယ်။ ဒီလိုအချိန် အကြာကြီးဆွဲနေရတော့ သူများတွေသုံးမယ့်ထဲက Bandwidth ကို လုယူထားရတာဆိုတော့ Speed ကကျရော။ ဖွင့်ထားပေးတယ်ဆိုရင် ဆွဲစရာရှိတာ အချိန်မကြာဘဲ ဆွဲလိုက်တော့ တခြားသူတွေအတွက် အဆင်ပြေနိုင်တယ်။ နောက်တစ်ခုက DNS Error ခဏ၊ ခဏတက်တယ်။ ဒါလည်း စိတ်ပျက်စရာ တော်တော်ကောင်းတယ်။DNS port 53 ကိုပိတ်ထားတာ ဖွင့်ပေးထားရင်ကောင်းမယ်။DNS Server ခဏ ခဏကျတာလား။ မကောင်းတာလားတော့ မသိဘူး။ ဒါတွေက အမြဲကြုံနေရတာတွေ၊ နောက်အများကြီးရှိသေး တယ်''ဟု မြန်မာအိုင်တီပရိုဖိုရမ်တွင် ဆွေးနွေးထားသူတစ်ဦးက ဆိုပါသည်။
မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော လိုင်းအရေအတွက် ၄၀၀၀၀ ကျော်ရှိပြီး အင်တာနက်ကို အသုံးပြုနေသူ လေးသိန်းကျော် ရှိနေကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါသည်။ အသုံးပြုမှု အများဆုံးသော အင်တာနက်လိုင်း အမျိုးအစားမှာ ADSL လိုင်းအမျိုးအစားဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာ အသုံးအများဆုံးက ADSL လိုင်းပါပဲ။ ADSL လိုင်းတွေက ဖုန်းလိုင်းကတစ်ဆင့် သွားရတဲ့အတွက် Internet Connection နှေးရတာကလည်း အကြောင်းအချက်တစ်ခု ဖြစ်ပါတယ်။ အင်တာနက် ပိုမြန်လာ စေဖို့အတွက် ဖိုင်ဘာဆက်သွယ်မှုစနစ် FTTH(Fiber to the Home)ကို စတင်ပြီး ဆောင်ရွက်နေပါပြီ။ ဒီစနစ်မှာ ဖိုင်ဘာဆက်ကြောင်းက အိမ်အထိရောက်လာမှာ ဖြစ်တဲ့အတွက် Speed ပိုမြန်လာမှာပါ။ ဒါအပြင့် Speed ပိုမြန်လာစေဖို့ International ရော၊ Domestic မှာပါ Bandwidth တွေချဲ့ဖို့ရှိပါတယ်။ National Fiber Backbone ဆက်ကြောင်းလိုင်းတွေကိုလည်း ချဲ့နေပါတယ်''ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါသည်။
Internet Connection အပြည့်အ၀ မရရှိမှုများသည် ပြည်တွင်း၌ နိစ္စဓူဝ ကြုံတွေ့နေရသော ကိစ္စရပ်ဖြစ်နေပြီး ထိုသို့ Connection မကောင်းမှုကြောင့် နိုင်ငံရပ်ခြားမှ အိုင်တီလုပ်ငန်းရှင်များ ပြည်တွင်း၌ လာရောက်လုပ်ကိုင်မှု အခွင့်အလမ်းများ ဆုံးရှုံး နေရသည့်အပြင်၊ ပြည်တွင်းမှ အိုင်တီလုပ်ငန်းရှင်များကလည်း ပြည်ပသို့ သွားရောက်လုပ်ကိုင်နေခြင်းများ အပါအ၀င် လူငယ်အိုင်တီသမားများစွာအတွက် အခွင့်အရေးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်နေကြကြောင်းလည်း သိရသည်။
By Eleven Media
No comments:
Post a Comment